June 13th, 2010 — 9:28pm
ပြီးခဲ့တဲ့ ကြာသပတေးက သူငယ်ချင်းတစ်ယောက် D90 ဝယ်ချင်လို့ အဖော်ခေါ်တာနဲ့ ဖူနန်းသွားဖြစ်တယ်။ ပထမထပ်က adidas ဆိုင်ရှေ့တည့်တည့် တရုတ်ကြီးဆီမှာ ကင်မရာကိုယ်ထည်ချည်း ၁၁၂၀နဲ့ ဝယ်တယ်။ မှန်ဘီလူး Tamaron ၁၈-၂၇၀ ကို အပေါ် (၅ထပ် ထင်တယ်)က Alan photo မှာ ၇၀၀နဲ့ရတယ် အသစ်စက်စက်တော့မဟုတ်ဘူး ဝယ်သူပြန်ပို့သွားတဲ့ အလုံး ကိုယ်ထည်မှာတပ်ကြည့် ဟိုရိုက်ဒီရိုက် မဆိုးဘူးထင်တာနဲ့ မဆိုးဘူးပြောတော့ ဒီကောင်ဝယ်တယ်။ နောက် nikon Af 50mm f8 D ကို စမ်းပြတာ ဒီကောင်သဘောကျသွားတယ် ဈေးမေးတော့ ၁၉၅ ဒါနဲ့ အဲဒါပါဝယ်တယ်။ စုစုပေါင်း ၁၁၂၀+၇၀၀+၁၉၅=၂၀၁၅ ကျတယ်။ အပေါ်ဆုံးထပ်က chellenger မှာ အိတ်တက်ကြည့်တယ် ဒီကောင်က မန်ဘာရှိတယ် ဆိုတော့ ဒီမှာ အိတ်စုံတယ် ဝယ်ချင်ဝယ်ဆိုတာနဲ့ ၉၅ နဲ့ အိတ်တစ်အိတ်ဝယ်တယ်။ ၂၀၁၅+၉၅=၂၁၁၀။
ပိုက်ဆံများ ရှိပူရသေး ကုန်မှအေး ဆိုရမလား…
ဒီတစ်ခေါက် အိုင်တီပြပွဲ မသွားဘူး။ သိမ်မကြာသေးခင်က ပြီးသွားတယ် ထင်လိုက်တာ ချက်ချင်းကြီးလို။ တစ်နှစ် သုံးကြိမ်လားမသိဘူး။ ထွက်လိုက်ကြစမ်း HTC Evo4, Iph4G, D3s, Samsung LED Monitor… blah blah blah Blahhhhhhhhhh…
9 comments » | Shopping, in singapore
June 9th, 2010 — 3:22pm
ကော်ဖီ
မိသားစုမှာ
ဖားသားကြီး သူကော်ဖီသောက်တယ်။
ဘရားသားကြီး ကော်ဖီသောက်တယ်။
ခုကျနော်လည်း ကော်ဖီသောက်တယ်။
(လေးလုံးစပ်) ^_^
လက်ဖဝါးတွေ ယားနေတယ် စာမရိုက်ရ မနေနိုင် ဆိုတာ ဒါမျိုးလားမသိ။
—————————————————————————-
တစ်ခါတစ်လေလည်း မေမေက စိတ်ဆိုးရင် ငါကတော့ နင့်ကို ပန်းကလေးလို အရိပ်တကြည့်ကြည့်နဲ့ မွေးလာရတာနော်၊ ပြီးတော့မှ တွေ့ရာမိန်းမကောက်ယူပြီး မအေကို စုန်ကန်မသွားနဲ့လို့ ပြောတတ်သေးတယ်။
ဒါပေမယ့် မေမေက ဒီစကားမျိုးကို ပြောခဲပါတယ်။ ကျနော့်အပေါ်မှာ စိတ်ဆိုးမှပြောတာပါ။ သူ့တစ်သက်မှာ ယောက်ျားတွေကို မုန်းပြီတဲ့။ အရက်သမား သူ့အဖေကိုလည်း မုန်းတယ်တဲ့။ သေသွားပြီဆိုတဲ့ ကျွန်တော့်အဖေကိုလည်း မုန်းတယ်တဲ့။ ယောကျာ်းဆိုတာ ကျောရုံပဲကြံတတ်ကြတာတဲ့။ ဒီတော့ ကျွန်တော့်ကိုလည်း သူများသားသမီးကို ကျောရုံကြံတဲ့ ယောကျာ်းမျိုး မဖြစ်စေနဲ့တဲ့
(မြသန်းတင့်၊ အညတရရုပ်ပုံလျှာများ)
၉ တန်းလောက်ကစပြီး စာဖတ်ပြီးရင် ကြိုက်တာ မှန်သမျှ ကူးချကျင့်ရှိခဲ့တယ်။ ဘယ်အချိန်ပြန်ဖတ်ဖတ် အရသာရှိတယ်ဗျာ ဖေမြင့် ရေးတဲ့ စာဖတ်သမားရဲ့မှတ်စုများ အကြောင်းတော့ မသိဘူး ကိုယ့်မှတ်စု ကိုယ်ပြန်ဖတ်ရတာ သိပ်အရသာရှိတယ်။ ပြန်တွေးကြည့်လိုက်တိုင်း အားမလိုအားမရ အချိန်တွေရှိခဲ့သလို ငါကွ ဆိုတဲ့အချိန်တွေလည်း ရှိခဲ့လို့ ကျေနပ်ချင်စရာကြီးပဲ။ ဒါနဲ့ ဒီနေ့ အပေါင်းလဏ္ခာသိပ်ဆန်နေတယ် စာရေးရတာ။
—————————————————————————-
မိခင်ဘာသာစကား သုံးမျိုးနှင့် အင်ဂလိပ်ဘာသာစကားမှာ လုံးဝကွဲပြားခြားနားသည်။ သို့သော် ဘာသာစကား တစ်မျိုးတည်းတတ်ရုံမျှဖြင့် ကျွန်တော်တို့နိုင်ငံတွင် အသက်မွေးဝမ်းကျောင်း၍ ရမည်မဟုတ်ပါ။ အင်ဂလိပ်ဘာသာစကား မသုံး၍ကားမဖြစ် စင်ကာပူရှိ ကမ္ဘာ့ထိပ်တန်းဘဏ်ပေါင်း ၂၀၀ကျော်နှင့် ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းများစွာကို အင်ဂလိပ်ဘာသာဖြင့် လုပ်ကိုင်နေ၍ဖြစ်၏။ ကွန်ပြူတာနှင့် အင်တာနက်များကို လွယ်ကူလျှင်မြန်စွာ ကျွန်တော်တို့ပြည်သူများ သုံးစွဲနိုင်သည်မှာလည်း အင်ဂလိပ်ဘာသာစကား တတ်မြောက်ခြင်းကြောင့်ပင် ဖြစ်သည်။
1960 ခုနှစ်များကပင် ကျွန်တော်တို့သည် တံတွေးထွေးမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကိုလုပ်ခဲ့၏။ သို့သော် ရှစ်ဆယ်ခုနှစ်များအထိ အငှားယာဉ်မောင်းသမားများသည် ကားပြူတင်းပေါက်မှ တံတွေးထွေးနေကြဆဲ ရှိသည်ကိုတွေ့ရ၏။ တံတွေးမှနေ၍ အဆုတ်ရောဂါရနိုင်ကြောင်း ပညာပေးမှုများကို ကျောင်းနှင့်မီဒီယာများမှတစ်ဆင့် ကြေညာရ၏။ ယခုတော့ တံတွေးထွေးသော အလေ့အကျင့်မရှိသလောက် ဖြစ်သွားပြီ။ အလေ့အကျင့်ဆိုသော်လည်း မကောင်းတာကိုပယ်သင့်ပယ်ထိုက်က စွန့်ပယ်ရမည်။ မကောင်းသော ရှေ့းထုံးကို ပယ်သည့်လုပ်ငန်းများကို ဆက်လုပ်ရသည်။
ဆယ်ထပ်မှ အထပ်နှစ်ဆယ်မြင့်သော တိုက်မြင့်မြင့်ကြီးများတွင်နေမှတော့ ရှေးအမူအကျင့် တချို့လည်းစွန့်သင့်က စွန့်ရမပေါ့။
(လီကွမ်ယု – တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ၊ မြတ်ငြိမ်းဘာသာပြန်သည်။)
လွန်ခဲ့တဲ့ ၄နှစ်ကျော်လောက်က ဖတ်ခဲ့တာ။ စလုံးလာမယ်လုပ်တော့ လီကွမ်ယုအကြောင်းသိချင်တာနဲ့ဆိုပါတော့။ သူ့စကားနဲ့ ပက်သက်ပြီး ပြောချင်စရာ စကားတွေများကြီး ရှိပေမယ့် အနီနဲ့ ရေးထားတဲ့ စကားကို သဘောပေါက်ရင်ပဲ အများကြီးပြည့်စုံနေပြီမဟုတ်လား။
—————————————————————————-
5 comments » | notes, poem
June 9th, 2010 — 10:21am
1 comment » | Songs
June 9th, 2010 — 12:42am
သူငယ်ချင်း စုံတွဲ တစ်တွဲရဲ့ စကားပြောလေးပါ သူငယ်ချင်းတစ်ယောက် ပြန်ပြောပြတုန်းက တော်တော်ရီမိတယ်။ သူတို့ပြေတာက
ကောင်မလေး ။ ။ ညနေငါပြန်ချိန်ဆို ရထားကြပ်တယ် ငါ့ကိုလိုက်ပို့ပေးပါလား
ကောင်လေး ။ ။ ငါပါရင် နင်ပိုကြပ်နေမယ် ကိုယ့်ဘာသာပြန်လေ။
ကောင်မလေးက ပို့စေချင်တာ ကောင်လေးကလည်း အင်တင်တင် ဘေးကကြားခဲ့သူကော ပြန်ကြားတဲ့ကျနော်ကော အပေါ်မှာပြောခဲ့သလိုပဲ ရီမိတာတော့အမှန်ပဲ။
——————————————————————————————————-
ဒီရက်ပိုင်း ကျနော်တို့ ရွှေမြို့တော်ဆီက နာမည်ကြီးမင်းသမီးထက်ထက် နဲ့ မီဒီယာ ကိစ္စတော်တော်များများလိုက်ဖတ်ပြီး မျက်စိထဲ တန်းမြင်လာတာက ငယ်ငယ်တုန်းက ကစားတဲ့အခါ နိုင်မယ်ထင်ရာ မဲတယ်ဆိုတာပါ။ ထက်ထက်မိုးဦးနေရာ ဝတ်မှုန်ရွှေရည်ဆိုရင်ကော (သူဆိုရင် ပါးရိုက်မှာမဟုတ်ဘူး မပြောပဲ တခြားဘက်ကတွေးကြည့်ပါ။) စာနယ်ဇင်းသမားတွေ ဘာမှမှန်ရာကို ထင်တိုင်းမရေးရဲတာ ဂျာနယ်ပဲဖြစ်ဖြစ် မဂ္ဂဇင်းပဲဖြစ်ဖြစ် ဖတ်သူတိုင်းသိပါတယ်။ လွန်ခဲ့တဲ့ ၄နှစ်လောက်က ငါးလောင်းပြိုင်လူသတ်မှုကိုတောင် ရဲတွေမဖော်ထုတ်ပဲ တရားခံက ဝန်ခံတာခဲ့တာကို ဇာတ်လမ်းလုပ်ပြီး ဂျာနယ်ထဲမှာ ဝတ္ထုဆန်ဆန် ရဲမှုးကြီးက အလောင်းနားကပ်ပြီး တရားခံကိုကူဖော်ပေးပါလို့ ရေးမိလို့ ဒီလိုရေးရမလားဆိုပြီး ဂျာနယ်တစ်စောင်ပိတ်ခံရတာလည်း ရှိခဲ့တာပဲ။ ဒီအကြောင်းရေးတဲ့သူလည်း မှားမှမမှားတာ ငြိမ်ခံနေကြတာပဲမဟုတ်လား။
ဒီမင်းသမီးအကြောင်းရေးလို့ ဂျာနယ် ၂ စောင်ပိတ်ခံရတယ်လည်း ဖတ်ရတယ်။ နောက်ထပ် ဖတ်မိသလောက် မင်းသမီးကိစ္စကို မီဒီယာပိုင်းက ဝိုင်းရေး ဝိုင်းပြော လုပ်ကြတယ်ဆိုတာ အပေါ်မှာပြောခဲ့သလို နိုင်မယ်ထင်ရာကို မဲရာဆန်တယ်။ ပါးရိုက်တဲ့အတွက် မင်းသမီးမှားတယ်။ ဘာမေးခွန်းကြောင့်ဖြစ်ဖြစ် ဘာအခြေအနေကြောင့်ပဲဖြစ်ဖြစ် မင်းသမီးမှားတယ်။ အရေမရ အဖက်မရမေးခွန်းဆန်တဲ့အပြင် ဖတ်ချင်စရာမကောင်းတဲ့ စကားဝိုင်းမျိုး အနှုတ်လဏ္ခာဆန်တဲ့ အမေးမျိုးအတွက် အင်တာဗျူးတဲ့လူ အတွေးအခေါ် ဒါမှမဟုတ် သူ့ကိုဒါမျိုးမေးခိုင်းတဲ့လူ ဘယ်လိုလူမျိုးလဲ စဉ်းစားကြည့်လို့ရတယ်။ အမှုဖွင့်တယ်ဖတ်ရတယ် ဒီကိစ္စမှာ ဘယ်ဘက်ကနိုင်နိုင် ထူးခြားလာမယ့်အခြေအနေမရှိဘူး။ မီဒီယာဘက်ကနိုင်ခဲ့ရင်ပဲဖြစ်ဖြစ် ဘာမီဒီယာအတွက်မှ ဘာတစ်ခုခုမှလမ်းမပွင့်သွားနိုင်သလို မင်းသမီးတစ်ယောက်တုံ့ပြန်မှုအတွက် ဒီလိုလုပ်နိုင်တယ်ဆိုတဲ့ အုံနွေးနွေးစိတ်ဖြစ်လာတာပဲ အဖက်တင်မယ်။ မင်းသမီးနိုင်ခဲ့ရင် ဒီအပြုအမူကြီးက အခြေအနေပေါ်မူတည်တိုင်း ခွင့်လွှတ်စရာကြီးလိုလို။ အခြားအခြေအနေတွေလည်း ဖြစ်လာနိုင်တယ်။ ကျနော့်အတွက်တော့ ဆက်တွေးဖို့မလိုတော့လို့ မတွေးလို့မရေးတော့ပါ။ အနိုင်အရှုံးကစားပွဲတိုင်းဘယ်ဘက်က နိုင်နိုင်ရလဒ်က အရှုံးပါတယ်။ မင်းသမီး မင်းသား မော်ဒယ်တွေနဲ့ပက်သက်လို့ အင်တာဗျူးပိုင်းမှာ ကျက်သရေတုံးတာ အရေမရအဖက်မရတာ တွေဖတ်ခဲ့ဖူးတော့ ဒီကိစ္စဒီလောက်မြင်တာကလွဲရင် ဘာမှထပ်ပြောချင်စရာမရှိ။ ကျနော်တို့ ၂ ဖက်ရှုံးတဲ့ အရာတစ်ခုဖြစ်နေတယ်ဆိုတာ မြင်ဖို့သိဖို့တော့ အမှန်လိုတယ်။ ဝတ္ထုတစ်အုပ်နာမည်တောင် ရေးရင်းခေါင်းထဲပေါ်လာသေးတယ် အနေအထိုင်မတတ်တဲ့ ကြယ် ဆိုလားပဲ။
——————————————————————————————————-
GSS (Great Singapore Sale) လာတော့မယ်။ သူများတွေ လခရရင် ဘာဝယ်မယ် ဘာပို့မယ် အသံတွေ ထွက်နေတယ်။ ကျနော်တော့ ကျောင်းပြီးပေမယ့်အလုပ် မရသေးဘူး။ အလုပ်မရတာမှာ ကိုယ်ဘာမှထလုပ်မရတာက အလုပ်တွေကို ကိုယ့်အီးမေးနဲ့ လိုအပ်တာတွေ ပို့ပေမယ့် ပြန်မခေါ်ကြတာ။ ပက်ဝန်းကျင်က မျိုးစုံပြောတာတွေ ကြားရတယ်။ တချို့ဟာတွေလည်း ရီတော့ရီချင်သား။ အဲ ကိုယ့်ဘေးနီးနီးကပ်ကပ်က လူတွေပြောတာဆိုရင်တော့ စိတ်လေမိတာတွေ ရှိတယ်။ ပေါ်လီကျောင်းဆင်း လခ ၁၈၀၀ လို့ CV မှာ ရေးထားတာကို စီနီယာတစ်ယောက်က မင်းက လောဘသိပ်မကြီးနဲ့လေ တဲ့။ ထားပါ။
နောက်တစ်ခုက ဘူးဂစ်က ကွမ်ရင်မယ်တော်ကို ကန်တော့ခိုင်းတာ ၁ ခါ ၂ ခါ သုံးလေးခါ ငြင်းပါတယ်။ တဖြည်းဖြည်းနဲ့ အလုပ်မရတာ ကွမ်ရင်မကန်တော့လို့ လိုလိုပြောလာတာနဲ့ ကဲ ကျေနပ်ပြီးရော အလကားပေးတဲ့အမွေးတိုင်တွေယူ မီးရှို့ ငယ်ငယ်တုန်းက သင်ချိုင်းကန်တော့ပွဲမှာ မားသားကြီးလုပ်ခိုင်းသလိုပဲ ခါးလေးစောင်း ဦးညွတ်ပြီးကန်တော့ နောက် အထဲဝင် ကွမ်ရင်မယ်တော်ကို ကန်တော့ နောက် တချိုင်း ချိုင်းနဲ့ စာချ အနီအပြားလေး နှစ်ခုကို ပစ်ချ တစ်ခုက ပက်လက် တစ်ခုက မှောက်ယက်ကျရင် စာချလို့ကျတဲ့ တုန်ချောင်းလေး မှန်တယ်။ အဲတုတ်ချောင်းလေး ကောင်တာမှာ သွားပြတော့ အဟောစာရွက်ကလေး ရလာတယ် အဲဒါကို စာအုပ်မှာဖွင့်ပြီး ဖတ်။ အင်း… တစ်ခုပဲ သူဟောတာနဲ့ ကိုယ်နဲ့ မတိုက်ဆိုင်ဘူးဖြစ်နေတယ်။ လုပ်ပြီးတော့ အဲလို မတိုက်ဆိုင်တာ ဖြစ်လာတော့ ကိုယ်က မယုံကြည်ပဲလုပ်လို့ ဖြစ်တာတဲ့။ ဒုတိယအကြိမ် ထားပါ။ (တကယ်လို့ အလုပ်ရှာချင်သူများ လုပ်ချင်ရင် ခုနက ပြောခဲ့တဲ့ အဆင့်တွေအတိုင်း သွားလုပ်နိုင်ပါတယ်။ =D
လွန်ခဲ့တဲ့ အပတ်က ရန်ကုန်ကမားသားအစ်မ စလုံးကိုလာတယ် သူ့သမီးကိုလာခေါ်တာ။ လူကြုံပါလာလို့ သွားယူတယ်။ သူလည်း အားကြီးပွားတယ်။ ကျနော်အလုပ်မရသေးတာဟာ မားသားကို မသနားလို့ပဲ လုံးလုံးအသုံးမကျတဲ့လူ ဖြစ်နေပြီပုံစံမျိုး ကျအောင်ပြောတယ်။ ကျနော် မိနစ် ၂၀ လောက် သူ့မျက်နှာကိုကြည့်ပြီး သူပြောတာကို နားထောင်ပြီး သူ့ကို ပြုံးပြခဲ့တယ်။ ဒါနဲ့တင်ကျနော့်မားသားကို အမျိုးကြားမှာ လူပြောစရာမဖြစ်အောင် ကျနော်ဘယ်လိုနေထိုင်လဲ သိသာပါတယ်။ ဒီမှာ ချရေးတာက တစ်ပိုင်းပါ။ အဲက အပြန် မားသားဆီ ဖုံးဆက်ပြီး ဖြစ်ကြောင်းတွေ ပြောပြဖြစ်တယ်။ မားသားက စိတ်ပူသွားတယ် ကျနော်က ဒီမှာတစ်ယောက်တည်းနေတာ ဆိုတော့ စိတ်ဓာတ်တွေဘာတွေ ကျမှာ စိတ်ပူတယ်ထင်ရဲ့။ မားသားကို ကျနော်ပြောချင်တဲ့ဟာာကို စိုင်းထီးဆိုင် သီချင်းနဲ့ နားလည်လွယ်အောင် ဆိုပြရရင် “မေ့ဆီကို သူတို့လာရင် သားရဲ့မကောင်းသတင်းတွေပြောမယ်… သားဆီကို သူတို့လာရင် မေ့ရဲ့ဆိုးသတင်းတွေပြောတယ်…”။ ဒါလည်း ထားပါ။
ကျနော့်ကိစ္စဟာ ကျနော့်ကိစ္စပဲဖြစ်ပြီး အချိန်မတန်သေးလို့ အလုပ်မရသေးတာကို ကွမ်ရင်ကိုလည်း ထပ်မကန်တော့ခိုင်းပါနဲ့၊ ဘုရားကိုလည်းနားပူအောင် မဆုတောင်းခိုင်းပါနဲ့၊ ကံအပေါ်လဲပုံချပြီး ကံကောင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အရာတွေလည်း မလုပ်ခိုင်းပါနဲ့။ ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးပြီး မင်းကဒါမလုပ်ဘူးလား ဒါမျိုးမပြောဘူးလားလည်း လာမပြောပါနဲ့။ စကားလည်း ရှိသားမဟုတ်လား လူပြောမသန် သူသန်မပြောတဲ့။ တကယ်ကူညီနိုင်တယ် ကူညီချင်တယ်ဆို အလုပ်မှာလူလိုလို့ ခေါ်တာမျိုး ပြောတာမျိုးပဲ ဖြစ်သင့်တယ်။ လုပ်အခွင့်အလမ်း ကူရှုာပေးတာမျိုး ဒါကူညီရာရောက်တယ် မြင်တယ်။ ဒါမှမဟုတ် ဘယ်အရာမျိုးက တကယ်ကူညီတာလို့ ထင်လဲ?
5 comments » | Thoughts
May 24th, 2010 — 2:56am

ပထမ ပို့စ်မှာ တင်ခဲ့တဲ့ Kranji War Memorial မှာ ရိုက်ခဲ့တဲ့ ပုံများစွာထဲက စိတ်တိုင်းကျ တည်းဖြတ်ပြီးတဲ့ ပုံပါ။ လူတွေနဲ့တွေ့ရ ဆုံရ စကားပြောရ နားထောင်ပေးရတာကို အတိုင်းအတာတစ်ခုထိ အဆင်ပြေသော်ငြား လူတစ်ယောက်ကို ဘယ်လိုနေ ဘယ်လိုပြု ဘယ်လိုမူ သင်ပေးရန် ခက်ကြောင်း ကောင်းကောင်းသိခဲ့ရတဲ့ နေ့ပေါ့။


ဒါနဲ့ ဘလော့တစ်ခွင်မှာ ဖြေရှင်းရခက်နေတာက ဓာတ်ပုံတွေ ပေးပေး မပေးပေး ကူးယူခြင်း အရင့် အရင်က သူ့စာ ကိုယ့်စာလုပ်ခြင်း စ စ စသဖြင့် စည်းမဲ့ကမ်းမဲ့ နိုင်နေလိုက်ကြတာ လူကြီးမိဘတွေ မသွန်သင်ထားဘူးလား လို့ နည်းနည်းလေး ငယ်ရာကကြီးလာတဲ့ လေသံနဲ့ မေးရင်ကောင်းမလား။
4 comments » | photography, portrait
May 20th, 2010 — 1:41am

ပြီးခဲ့တဲ့ စနေနေ့ (၁၅၊ ၅၊ ၂၀၁၀) မနက် စောစောစီးစီး လူပုံ(portrait)ဓာတ်ပုံရိုက်ဖို့ Kranji War Memorial ကို ရောက်ဖြစ်တယ်။ နောင်တော်ဓာတ်ပုံ ဆာများဖြစ်တဲ့ ဆာညီမောင် စီစဉ်ပြီး ဆာသုမင်းလှိုင်လည်း ပါတယ်။ ဝင်ပေါက်ကလှမ်းကြည့်ရင် အောက်က မြင်ကွင်းကို မြင်ရမယ်။ မနက်စောစောစီးစီးချိန်မို့ ခပ်အေးအေး နေလို့ကောင်းတယ် ပက်ဝန်းကျင်မှာ မြက်ရိတ်တဲ့ကုလားတွေကလွဲရင် လူမရှိ နားအေးပါးအေးရှိတယ် ဆိုရမလား…။

ဂူတွေ ဂူတွေ… ၁၁နာရီလောက်ကျတော့ နေလည်း တော်တော်ပူလာတယ် ဖော်ရိန်နာတွေလည်း ဆွေတော်မျိုးတော်တွေ လာကြည့်ဖို့ ရောက်လာကြသဗျ။ ရန်ကုန်မိဘမဲ့ဂေဟာမှာ ဆယ်တန်းကျူရှင်သင်ခဲ့တဲ့ ဆရာတွေနဲ့ သွားလှူတုန်းက အဲဒီ မျက်နှာချင်းဆိုင်က စစ်သင်းချိုင်းကို ရောက်ခဲ့တယ်။ ဒီ့ထက် ပိုခမ်းနားတယ်ခံစားရတယ်။

နောက်ဆုံးပုံက အပေါ်ဆုံးပုံထဲက အဆောက်အဦးကြီးရဲ့ ကျောဖက်ပုံပါ။ အတွင်းနံရံတွေ အားလုံးမှာလည်း နာမည်တွေ အပြည့်ပါပဲ။ စစ်ကြောင့်သေ စစ်ကြောင့်ကြေ တိုင်းပြည်အတွက်ပဲ အသက်စွန့်စွန့် ဘာနဲ့ပဲ ရေးထိုး မှတ်တမ်းတင်တင်… ပျက်စီးသွားတာတွေ လူ့အသက်တွေ အလှဲအလှယ်က တန်ပါ့မလား။ နှိုင်ငံရေးဆိုတာ လျှင်သူစားတမ်း ပါပဲ။
ဒါနဲ့ အပေါ်ဆုံးပုံက lightroom 2.2 နဲ့ တည်းဖြတ်(edit) လုပ်ပြီး အောက်က ၂ ပုံက lightroom ကနေ photoshop CS 4 ကို export လုပ်ပြီး PS မှာပဲ edit လုပ်ပါတယ်။ lightroom အဓိက သုံးဖြစ်တာကတော့ ဓာတ်ပုံတွေကို raw နဲ့ ရိုက်လို့ပါ။ (ဓာတ်ပုံစိတ်ဝင်စားသူများ အတွက် =D အဲနေ့က အဲမှာ ရိုက်ဖြစ်တဲ့ portrait တွေ အဆင်ပြေရင် နောက်ပို့စ်မှာ တင်ပါဦးမယ် =)
6 comments » | photo diary
May 14th, 2010 — 4:43pm
2 comments » | Myanmar
May 4th, 2010 — 10:28pm
စိတ်ထဲပေါ်သော်ငြား ကိုယ့်အရင် ရေးဖူးသူရှိမလား ရှိလေမလား နဲ့ သိပ်မရေးဖြစ်တဲ့ အကြောင်းအရာတွေ ရှိတယ်။ ဒီရက်ပိုင်း ကိုယ့်ဓာတ်ပုံတွေ ဆိုဒ်ကြီးတာလေးတွေပါ တင်ဖို့ စိတ်ကူးတော့ သူများတွေ သုံးနေတဲ့ creative commons license အကြောင်း နည်းနည်းပါးပါးဖတ်ဖြစ်တယ်။ တခြား မြန်မာ blog ကော international blog တွေမှာပါ သုံးထားတာလည်းတွေ့ရတယ်။ ကိုယ်လိုချင်တာအလိုက်လည်း လုပ်လို့ရတယ်။ ကိုယ်လိုချင်တာပေါ် မူတည်ပြီး သူ့ icon မှာပါတဲ့ ပုံလေးတွေ ပြောင်းသွားတယ်။ ဥပမာ ကိုယ်ရေးထားတာ ကိုယ်ရိုက်ထားတဲ့ဓာတ်ပုံ တွေကို တခြား စီးပွားဖြစ်မဟုတ်တဲ့ ဆိုဒ်တွေမှာ ပြန်ဝေမျှခွင့်ရှိတယ် မရှိဘူး နောက် ဝေမျှရင် ကိုယ့်မူရင်းဆိုဒ်ကို လင့် ချိတ်ရမယ် မူရင်းဖန်တီးသူနာမည်ပါရမယ် စသဖြင့်ပါ။
အဲဒါတွေ ဖတ်ပြီးကိုယ့်ဘာသာ အတွေးဝင်နေတုန်း ကိုယ်စိတ်ဝင်စားမယ့် ဘလော့ ၁ ခု ၂ ခု လိုက်ဖတ်ရင်း တွေ့မိတာက photos from google နဲ့ ဓာတ်ပုံ – google ဆိုတဲ့ ပုံတွေအောက်မှာ တင်ထားတဲ့ စာသားတချို့ပါ။ နည်းနည်းတော့ လွဲနေမလား စိတ်ထဲ တွေးမိတာပါ။ google ဆိုတာ search engine လို့ ကျနော်တို့သိတာပဲ ဒါပေမယ့် သူ့ဆီမှာ ရှာရင် မူရင်းလင့်တွေပါ အကုန်ပါတယ်ဆိုတာ google သုံးသူတိုင်းသိမယ်ထင်တယ်။ အဲတော့ ကိုယ်ကြိုက်တဲ့ ပုံကိုတွေ့ပြီ ယူလည်းသုံးတော့မယ်ဆိုရင် ဓာတ်ပုံရဲ့ မူရင်းလင့်ကို သွားကြည့်သင့်တယ် ထင်တယ်။ ဒီတော့မှ ကိုယ်ယူသုံးတဲ့ ပုံကို လင့် သေချာချိတ်ပေးနိုင်သလို ပြန်ဝေမျှတာ လက်ခံ မလက်ခံ license စာတမ်းရှိမရှိ သိရမယ်။ ကျနော်အတွေးနဲ့ ဖြစ်ရင်ပိုကောင်းမယ် ထင်မိတာပါ ကောင်း မကောင်း စဉ်းစားကြည့်ပါ။ ^_^
6 comments » | Thoughts
April 29th, 2010 — 5:30pm

ကျနော့်အိမ်ရဲ့မျက်နှာချင်းဆိုင်က တိုက်တွေရဲ့ အနောက်ဖက် မှာ ကွန်ကရစ်ခပ်ကျယ်ကျယ် လမ်းတစ်ခုရှိတယ်။ တစ်ရက် နေ့လည်စာ စားအပြီး အဲလမ်းအဆုံးထိလျှောက်ကြည့်တာ အဆုံးက လမ်းတစ်ဖက်တစ်ချက်မှာ ပုံဖော်ထားတဲ့ ဒီအပင်တွေ့လို့ လှတယ်ထင်လို့ ရိုက်ဖြစ်သွားတယ်။ Boonlay Ave က တိုက်တွေက တော်တော်ဟောင်းနေပြီဗျ အိမ်ပြောင်းတုန်းက အငှားကား မောင်းတဲ့လူက ကျနော်ပြောင်းတဲ့အိမ်ကို လက်ညိုးထိုးပြီး လူတွေနေကြသေးလို့လား မေးသဗျ သူသိတာ ဒါတွေက ဖျက်ဖို့ပဲကျန်တော့လို့ ဘယ်စလုံးမှ မနေတော့ဘူးတဲ့။ ဖျက်တာမဖျက်တာတော့ မသိဘူး စလုံးတွေ မနေတာတော့ သေချာတယ်။
ကျနော်လက်ရှိနေတဲ့ တစ်တိုက်လုံး မြန်မာနဲ့ကုလား ၂မျိုးပဲရှိတယ်။ အောက်ဆုံးထပ်က ကုလားက စနေ တနင်ဂနွေဆို သံသေးသံကြောင် ကုလားအိုကေ (karaoke) နဲ့ဖျော်ဖြေသဗျ။ ကျနော်နေတာက သုံးလွှာမှာ။ ကိုယ့်အခန်းက အောက်ကိုလှေကားနဲ့ ဆင်းရင် မြန်မာကလေးတွေစာသင်သံ မနက်ဖက်ပိုင်းဆို တရားခွေသံ ထမင်းသွားစားရင် အိမ်နားက မြန်မာဆိုင်မှာ အို စင်ကျားပူရောက်နေတယ်ပြောလို့တောင် မရတော့ပါဘူး။ မြန်မာတွေ အနေများတဲ့ foodcourt မှာတော့ ကျားဘီယာတွေ အတော်ရောင်းတယ်ဗျ။ နောက် ကျနော်တို့ မြန်မာတွေက ဘီယာကို ဆတိုးသောက်တာဗျ ၂ခွက်ခွဲလောက်သောက်လိုက် သေးထပေါက်လိုက် သောက်တာမျိုး ၁နေ့ထက် ၁နေ့ပိုပို သောက်တာမျိုး ပြောရမလားမသိပါဘူး။
အိမ်နားအကြောင်းတော့ ဂလောက်ပါပဲ။ နောက်များကြုံရင် အိမ်က မီးဖိုချောင် မြင်ကွင်းလေး ထပ်တင်ပါဦးမယ်။
^_^
Phyo Maw
12 comments » | photo diary
April 27th, 2010 — 1:43pm
အပေါင်းအသင်းကြားက နီကွန် (Nikon) ချင်းဆုံတဲ့အခါ မေးတာကြုံဖူးတဲ့ Nikon D90 နဲ့ HDR ဘယ်လိုရိုက်သလဲဆိုတာရဲ့အဖြေကို ကျနော် လုပ်ပုံလုပ်နည်းအရ ရေးပြချင်ပါတယ်။
၁။ ကင်မရာပေါ်မှာ BKT ဆိုတဲ့ ခလုပ်ကို တွေ့အောင်ရှာပါ။ (D90 ဆိုတဲ့ တံဆိပ်ကလေး ဘေးနားမှာရှိတယ် =) တွေ့ရင် အဲဒီ BKT ခလုပ်ကိုနှိပ်ပြီး main command dial ကို ညာဘက်လှည့်ရင် 3F ပေါ်ပြီး ဘယ်ဘက်လှည့်ရင် + & – 2F ပေါ်ပါလိမ့်မယ်။ 3F က exposure + 0 – သုံးပုံ ကိုဆိုလိုပြီး 2F ရဲ့ + နှင့် – ကတော့ exposure ( + 0 ) ဒါမှမဟုတ် ( 0 - )၂ ပုံရိုက်မယ်ကို ဆိုလိုတာပါ။ sub-command dial ကို လှည့်ရင်တော့ exposure အတိုးအလျော့ ဘယ်လောက်လဲဆိုတာကို သတ်မှတ်ပေးတာပါ။ အမြင့်ဆုံး က ၂ ပါ။ ပုံမှန်အားဖြင့် 0 -2 +2 ရိုက်ကြပါတယ်။
၂။ အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာ သုံးပုံကို လက်နှင့်ကိုင်ပြီး ရိုက်ရင် ရနိုင်ပေမယ့် များသောအားဖြင့် tripod သုံးရပါတယ်။ tripod သုံးတဲ့အခါ Self-timer ထားပြီးသုံးရင် လက်ကြောင့် ခလုပ်နှိပ်လိုက်ရင် ဖြစ်တဲ့ တုန် တာကိုပါကင်းဝေးစေတယ်။ Self-timer နဲ့ သုံးပုံရိုက်ချင်ရင်တော့ CSM (Custom Setting Menu) > c > c3 > Self-timer delay 5s > Number of shots 3 လုပ်လိုက်ရင်ရပါပြီ။
၃။ shutter release mode ကို Self-timer ပြောင်းလိုက်ရင် ရပါပြီ။ ပုံမှန်အတိုင်း နာရီပုံလေးအပြင် L တစ်လုံး တိုးနေပါလိမ့်မယ်။ အားလုံးပြီးရင်တော့ shutter release button ကိုနှိပ်လိုက်ပါ တီ တီ တီx5 >> 5s >> ကလစ် ကလစ် ကလစ် ကြားရရင်တော့ HDR လုပ်ဖို့ လိုချင်တဲ့ exposure မတူတဲ့ ပုံ ၃ပုံ ရပါပြီ။
ဒါနဲ့ ကျနော့် ပို့စ် ကိုသဘောကျရင် အောက်က like button နှိပ်သော်လည်း ကောင်း အပေါ်က f-share button ကိုလည်းကောင်း နှိပ်ပြီးအားပေးလို့ပါသည်။ တခြားမေးစရာရှိရင်လည်း comment မှာမေးလို့ပါသည်။
HDR သုံးပုံအတွက် software အသုံးပြုပုံကို Harry ရေးထားတာ ဒီမှာ ဖတ်နိုင်ပါတယ်။
^_^
Phyo Maw
49 comments » | Tips & Tricks